About Us

ကျွန်ုပ်တို့သမိုင်းအကျဉ်း

BEE ဆိုသည်မှာ Biblical Education by Extension ၏အတိုကောက်ဖြစ်သည်။ မြန်မာဘာသာအားဖြင့် သမ္မာကျမ်းစာဓမ္မပညာဆင့်ပွားသင်ကြားခြင်းဟု ဘာသာပြန်ဆိုထားသည့်အဖွဲ့အစည်းသည် ၁၉၇၉ ခုနှစ်မှစ၍တည် ထောင်ခဲ့သော ခရစ်ယာန်သာသနာပြုအဖွဲ့အစည်းတစ်ခုဖြစ်သည်။ မူလရည်ရွယ်ချက်မှာ သမ္မာကျမ်းစာလေ့လာသင်ယူခြင်းများမပြုနိုင်သည့် အခွင့်အရေးမရရှိသည့် အရှေ့ဥရောပနှင့် ဆိုဗီယက်ယူနီယမ်တို့ရှိ ခရစ်ယာန်ယုံကြည်သူခေါင်းဆောင်များအား ကျမ်းစာလေ့ကျင့်သင်ကြားပေးရန် အတွက်ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

၁၉၉၂ ၌ ဥရောပဒေသနိုင်ငံရေးအခြေအနေများပြောင်းလဲသွားပြီးနောက်တွင် ဘီအီးအီးခေါင်းဆောင်များအား အခြားဒေသများသို့ သာသနာလုပ်ငန်းကိုတိုးချဲ့ခြင်းပြုရန် ဘုရားသခင်၏ခေါ်ခြင်းကို ခံခဲ့ရကြပါသည်။ ထို့ကြောင့် ၁၉၉၄ခုနှစ်၌ ဘီအီးအီးဘုတ်အဖွဲ့ဒါရိုက်တာများမှ BEE World ဟုအမည်တွင်သည့်သာသနာလုပ်ငန်းအမည်သစ်ဖြင့် အရှေ့ အလယ်ပိုင်း၊ အာဖရိကနှင့် အာရှတိုက်တို့၌ သာသနာလုပ်ငန်းများတိုးချဲ့ရန် ခွင့်ပြုခဲ့ကြသည်။ ၁၉၉၀ ခုနှစ်၌ BEE သာသနာလုပ်ငန်းသည် အာရှတိုက်သို့တိုးချဲ့လာခဲ့ပါသည်။ BEE Myanmar သည် ၁၉၉၇ ခုနှစ်မှစ၍ လက်တွဲလုပ်ကိုင်ခဲ့ပါသည်။

ဘီအီးအီးသာသနာလုပ်ငန်းသည် ခရစ်ယာန်ဂိုဏ်းဂဏပေါင်းစုံမှ ဆရာ/ဆရာမများနှင့်ပူးပေါင်း၍ သာသနာပြု သည့်လုပ်ငန်းဖြစ်သည့်အားလျော်စွာ ကျမ်းစာကိုသာအဓိကထားလေ့လာသွန်သင်ခြင်းများပြုလုပ်ခြင်းကြောင့် ဂိုဏ်းဂဏ္ဍ မတူညီခြင်းကြောင့် ဖြစ်ပေါ်လာတတ်သည့် ပြဿနာများကို ကျော်လွန်နိုင်ခဲ့ပါသည်။ ၂၀ဝ၅ ခုနှစ်မှစတင်၍ သိက္ခာတော်ရ ဆရာတော် တွမ်ရယ်ဒီကန်အား မြန်မာနိုင်ငံဒါရိုက်တာဖြင့်ခန့်အပ်စေလွှတ်ပြီးနောက်ပိုင်းတွင် အဖွဲ့ငယ်များဖြင့် ဆင့်ပွား သင်ကြားခြင်းများစတင်ကာ နိုင်ငံတစ်ဝှမ်းဆင့်ပွားအဖွဲ့သစ်များကိုစတင်နိုင်ခဲ့ပါသည်။ ဘီအီးအီးမြန်မာသာသနာလုပ်ငန်း သည် ဓမ္မတက္ကသိုလ်အဆင့်ဓမ္မပညာရပ်များကို အဆင့်မြင့်တင်၍ ဆက်လက်သွန်သင်ပေးခြင်းဆိုသည့် ကြီးမားသောလိုအပ် ချက်ကို တွေ့မြင်ခဲ့သည့် ဆရာဟန်ဘိုထွန်းနှင့်ဆရာမဟန္နတို့ဇနီးမောင်နှံတို့အားဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့၌ BEE World အား စတင်တည်ထောင်ခဲ့သူဖြစ်သည့် Dr. Jody Dillow, Dave Summerbake (လက်ရှိဥက္ကဌ) နှင့် အခြားသောခေါင်းဆောင်များ၏ဆုတောင်းကောင်းကြီးပေးခြင်းနှင့်အတူ BEE Myanmar အား တရားဝင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ယခုတွင် ရန်ကုန်၊ မန္တလေး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် အဓိကထား၍ ကျန်မြို့နယ်နှင့်တိုင်းဒေသကြီးအသီးသီးတို့တွင်လည်း တိုးချဲ့သာသနာပြုလျက်ရှိပါသည်။

မိတ်ဆက်စကား

မင်္ဂလာပါ...ယေရှုခရစ်၏နာမတော်မြတ်၌ နှုတ်ခွန်းဆက်ပါတယ်။ ကျွန်တော့်အနေနဲ့ ဘုရားသခင်ပေးအပ်ထား တဲ့ သမ္မာကျမ်းဓမ္မပညာဆင့်ပွားသင်ကြားခြင်းသာသနာလုပ်ငန်းကို မိတ်ဆက်ပေးခွင့်ရလို့ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့အဖွဲ့အစည်းဟာ ခရစ်ယာန်ဂိုဏ်းပေါင်းစုံနဲ့ပူပေါင်းလက်တွဲပြီးသာသနာပြုလိုတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့် သခင်ယေရှုခရစ်မိန့်ကြားတော်မူခဲ့တဲ့ မဟာစေခိုင်းချက်ကြီးပြည့်စုံစေရေးကို မိတ်ဆွေတို့နဲ့ပူးပေါင်းဆောင်ရွက်လိုပါတယ်။ ထိုမိန့်မူချက်၌ သခင်ယေရှုခရစ်ကို မိမိကယ်တင်ပိုင်ရှင်အဖြစ်လက်ခံယုံကြည်လိုက်ရုံဖြင့် ဘုရားသခင်ထံမှ ထာဝရအသက်ကို အခမဲ့လက်ဆောင်အဖြစ်ရရှိနိုင်ကြောင်း သတင်းကောင်းပြောဆိုဝေငှခြင်း၊ လူမျိုးတကာတို့ကိုခရစ်တော်၏တပည့်တော်ဖြစ် စေခြင်းနှင့် ထိုသို့တပည့်တော်ဖြစ်ကြောင်း လူရှေ့၌ သက်သေခံခြင်းဖြစ်သော ဗတ္တိဇံမင်္ဂလာပေးခြင်းအား ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ပြုလုပ်ခြင်းတို့ပါဝင်ပါသည်။ (မဿဲ ၂၈း၁၈-၂၀)

ကျေးဇူးပြု၍ ကျွန်တော်တို့၏ဝက်ဘ်ဆိုဒ်စာမျက်နှာများကို အချိန်ပေးလေ့လာဖတ်ရှုစေလိုပါတယ်။ မဟာစေခိုင်း ချက်ကြီးပြည့်စုံစေရေးအတွက် ကျွန်တော်တို့အနေနဲ့ မိတ်ဆွေတို့ အသင်းတော်အဖွဲ့အစည်းများနဲ့ မည်သို့ပူးပေါင်းဆောင် ရွက်နိုင်မည်၊ အစေခံနိုင်မည်ကို လေ့လာနိုင်ပါတယ်။ ဘီအီးအီးမြန်မာဆိုတဲ့ ကျွန်တော်တို့အဖွဲ့အစည်းဟာ မြန်မာပြည်အဝှမ်း မှာရှိတဲ့ အသင်းတော်များမဟာစေခိုင်းချက်ကြီးကို ပြည့်စုံစေခြင်း၌ သမ္မာကျမ်းစာလေ့လာမှုသင်တန်းများကို တက်ရောက်ခွင့်ရရှိရန်ခက်ခဲသော၊ နည်းလမ်းမရှိသောသင်းအုပ်ဆရာများ၊ ခရစ်ယာန်ဓမ္မဆရာ/ဆရာမများကို အထူးသဖြင့်ကျမ်းစာ သင်တန်းများပို့ချပေးခြင်းဖြင့် ကူညီပေးရန် တည်ထောင်ထားခြင်းပါတယ်။ ဒါ့အပြင် သခင်ယေရှုခရစ်၏တပည့်တော်ကောင်း တစ်ဦးအနေနဲ့ ကြီးထွားရင့်ကျက်လိုသောသူမည်သူ့ကိုမဆို ကျမ်းစာလေ့လာနိုင်သည့်အခွင့်အရေးများပြင်ဆင်ပေးခြင်းများ ပြုလုပ်ပေးပါတယ်။
ဘီအီးအီးမြန်မာနှင့်ပတ်သက်ပြီး ပိုမိုသိရှိလိုပါက ဆက်သွယ်နိုင်ပါတယ်။ မိတ်ဆွေနှင့်အတူ ဘုရားသခင်၏အမှုတော်မြတ်၌ ကျွန်တော်တို့လက်တွဲလိုပါတယ်။ ကျွန်တော်တို့အဖွဲ့အစည်းအတွက် ဆုတောင်းဆက်ကပ်ပေးခြင်းနဲ့ သတိရပေးပါဦးလို့တိုက်တွန်းလိုပါတယ်။ ဘုရားသခင်ကောင်းကြီးပေးပါစေ။

အမှုတော်မြတ်၌
အက်ဝပ်ဟန်ဘိုထွန်း
ဥက္ကဌ

Comments are closed.